Tuesday, September 13, 2011

လောကီ ရတနာ နှင့် လောကီ ပညာ

လောကီ ရတနာ နှင့် လောကီ ပညာ
ကိုအင်းတော်ရှမ်း က ကျွန်တော် ရေးခဲ့ဘူးတဲ့ ပို့စ် တစ်ပုဒ် မှာ ပညာ အကြောင်း  ထပ်မံ ရှင်းပြ ပေးစေလို တဲ့ မှတ်ချက် ပါလာ ပါတယ်။     ဒီလို မေးခွန်းကို ခရစ်ယာန်မ လေးတစ်ယောက် လည်း မေးဘူး ပါတယ်။   အဲဒီ မှတ်ချက် အပေါ် ပညာ အကြောင်းရှင်းလင်း ဘို့ရာ "ငါ့ မှာကော ရှင်းပြ နိုင်လောက်တဲ့ ပညာ အရည်အချင်း တကယ်ရှိ ရဲ့လား" လို့ ကိုယ့် ကို ကိုယ် ပြ န်မေးကြည့် ပါတယ်။   ရိုးသားစွာ ၀န်ခံ ရရင် လုံလောက်သော   ပြည့်ဝမှု့ မရှိ သေးဘူးလို့ ဖြေရမှာ ပါဘဲ။

            ဖတ်ဘူး သမျှ ကြားဘူး သမျှ စာတွေ ကို မှီငြမ်း ပြီး စု၊တု၊ပြု လုပ်မလား အမျိုးမျိုး စဉ်းစား ပြီး စာများစွာ ဖတ်ဖြစ် ပါတယ်။ ဘယ်လို စဉ်းစား စဉ်းစား ကိုယ်ပိုင် အတွေး အခေါ် မပါဘဲ စာကို ကူးယူ ဖော်ပြဘို့ လိပ်ပြာ မလုံပါဘူး။ ကြုံမှ အာရုံ ရမှ ရေးမယ် လို့ စိတ်ကူးထား လိုက်ပါတယ်။

               ဒီလို နဲ့ ရေးစရာ အကြောင်း အရင်း ကြုံကြိုက် လာပါတယ်။ ကိုအင်းတော်ရှမ်း မေးတဲ့ သီလ သမာဓိ ပညာ ထဲက ပညာ အကြောင်း တော့ မဟုတ်ပါဘူး။

             ကျွန်တော် အလုပ်လုပ်ရာ နေရာ က ကျောက်မျက် ရတနာဈေး ဆိုတော့ ကျောက်ပွဲစား တွေ ကျောက်ကုန်သည် တွေ ဈေးဝယ်သူ တွေ ၀င်ထွက် သွားလာရာ နေရာ တစ်ခု ပေါ့။
ကျွန်တော် ကတော့ တစ်နေ့ တစ်နေ့ ဧည့်သည် လာရင် ဈေးရောင်းလိုက် စာဖတ် လိုက် ကျောက်ပွဲစား ကုန်သည် လေးတွေ နဲ့ လေပစ် လိုက် လက္ဘက်ရည်ဆိုင် ထိုင်လိုက် နဲ့ အချိန် ကုန်လေ့ ရှိပါတယ်။

တစ်ရက်တော့ ကျောက် ပွဲစားလေး တစ်ယောက် က ကျောက်စိမ်း အရိုင်းစ လေး တစ်စလာပြ ပါတယ်။ ကျောက်က အရိုင်းစ တင် ၁၀ ကလပ် ကျော်ပြီး ပုံကျတာ မို့ သွေးပြီးရင် အနည်းဆုံး (၇) ကလပ် တင် နိုင်ပါတယ်။
ကျောက်က ပဲရွှေဝါ တောက် အရောင်မို့ အရိုင်းတင် သိန်းနှစ်ဆယ် ကျော်ပေးပါတယ်။ တကယ် လို့သွေး ပြီးအနာလွတ် ဆန်လွတ် ၅ ကလပ်တင်ရင် တောင်မှ ရာကျောက် သေချာပါတယ်။ တကယ်လို့ အနာလွတ် ဆန်လွတ် မဖြစ်ဘဲ ပယ်အရ ယူရင်တောင် ဆယ့်ငါး သိန်း သိန်းနှစ်ဆယ် ပြေမလွတ်ပါဘူး။

ကျောက်ရှင် လည်း မရောင်းဘို့ ဆုံးဖြတ်ပြီး သွေးဘို့ ဆုံးဖြတ် လိုက်ပါတယ်။ ကျောက်ရှင် လည်းသွေပြီး လာပြမယ် ဆိုပြီးတော်တော်နဲ့ ပေါ်မလာပါ ဘူး။      နောက် သုံးလေးရက် နေလည်း ပေါ်မလာ ပါဘူး။       ကျွန်တော် ကိုယ် တိုင်လည်း အဖြစ်အပျက် ကိုစိတ်ဝင်စား လို့ ကျောက်ရှင် ဆီ ဖုန်းဆက် ရပါတယ်။       ကျောက်ရှင် က ကျောက်သွေးတာ အဆင်မပြေ လို့ မလာနိုင် တဲ့ အကြောင်း သူ့မိတ်ဆွေ က အဲဒီ ကျောက်ကို လက်ခ မယူ ဘဲ  သွေးပေးတဲ့ အကြောင်း  အခုအဲဒီ ကျောက်က ထင်သလို မဖြစ်လို့ အရင်း ဆယ်သိန်း တောင် မနည်း ရောင်းရ မှာ ဖြစ်တဲ့ အကြောင်း  ရှင်းပြပါတယ်။
ကျောက်မှာ ပါတဲ့ အနာ နဲ့ ဆန်(အပြစ်)ကို လိုက်ရင်း အရည်ပါ ပါ သွားလို့ ဆုံးရှုံးမှု့ ဖြစ်ရ တယ် လို့ သိရ ပါတယ်။
ကျွန်တော်တို့  သူငယ်ချင်းတွေ က တော့ ပညာ မပြည့်ဝ တဲ့ ကျောက်သွေး ဆရာ ကို အသုံးပြု တယ်လို့
သုံးသပ်ကြပါတယ်။    
ဒါဆို ရင်ကျောက်ရိုင်း တစ်ပွင့် ရဲ့ တန်ဘိုး အနိမ့် အမြင့် က ကျောက်သွေးဆရာ ရဲ့ ပညာ အပေါ် မှီခို နေပြီပေါ့။
             နောက်အဖြစ် တစ်ခုက ကျွန်တော် ငါးထောင် နဲ့  ၀ယ်ထားတဲ့  အရည် အနည်းငယ်ပါ  လွှာချပ်  တစ်ခု ပါ ။ ရှင်းမဲတွေ  အနာတွေ အများကြီး နဲ့ ဆိုတော့  ကျောက်က ဘယ်လိုမှ  အပွင့် ထုတ်လို့  မရ ပါဘူး ။  ပန်းပု ဆရာ တစ်ယောက် က အဲဒီ  လွှာချပ် လေးကို  ပန်းထိုး ပေးမယ် “မလှ မှာ မပူ နဲ့” လက်ခတော့ နှစ်သောင်း  ပေးရမယ်”  လို့ ဆိုပါတယ် ။  ကျွန်တော် က တော့ “ထမ်းပိုး ထက် လက်ခ ကြီး”
ဆိုတဲ့ စကားပုံ လိုဖြစ်နေ  ပါပြီ။
              ကျွန်တော်  ကိုယ်တိုင် ကလည်း  ပန်းပု  ပညာရပ်  ကို နားမလည်တော့  လက်ခ နည်းတယ် များ တယ် မချင့်ချိန် နိုင်ပါဘူး ။ ငါးသိန်း ဆယ်သိန်းတန်  ကျောက်ကို  အပွင့်သွေး ရင်  တောင်မှ  အများဆုံး တစ်သောင်း  တစ်သောင်းခွဲ  ဘဲ ပေးရတာ ဆိုတော့  ပန်းထိုး လက်ခ နှစ်သောင်း  က ကျွန်တော့  အတွက်တော့  အတန်ငယ်  ဈေးများလှ ပါတယ် ။  ကျွန်တော် လည်း အတွေ့ အကြုံ ရအောင်  ပန်းထိုး  အပ်လိုက် ပါတယ် ။
              ပန်းထိုး ပန်းပု ထွက်လာ တော့  အတော့်ကို လှပါတယ် ။ ကိုယ့် ပစ္စည်း ဆိုတာ ကို  မယုံနိုင် လောက်အောင်  ပါဘဲ ။ သူငယ်ချင်း  တွေ ကတော့  ရှစ်သောင်း တစ်သိန်း လောက် ရ နိုင် တယ် လို့  ခန့် မှန်း  ပါတယ် ။  ပန်းပု ဆရာက  မလှပ  တဲ့  ရှင်းမဲ  တွေနဲ့  အနာတွေ  ကို ထွင်း ထုတ် ပြီး  အရည်ကို  ချန်လှပ်ပြီး  ထိုးတယ် လို့  ဆိုပါတယ် ။
              တန်ဘိုး နည်းတဲ့  လွှာချပ် လေး  က ပန်းပု  ဆရာ  ရဲ့  ပညာ  ကြောင့်  တန်ဘိုး တက်သွား  ပါပြီ ။
              ဒီဖြစ် ရပ် နှစ် ခု ကို လေးလေး နက်နက်  နှိုင်းချိန်  ကြည့် ရအောင်..
              ပထမ  အပွင့် ထုတ် တဲ့ ကျောက် ရဲ့ သဘာဝ က  အပြစ်နည်း လေ တန်ဘိုး  တက်လေပါဘဲ ။ကျောက် ရဲ့ သဘာဝ  အရ  တော့  အပြစ် ကင်းတဲ့  ကျောက်မျက် ကတော့  အင်မတန်  ရှားပါး လှပါတယ် ။ တကယ်  လို့  အပြစ် နည်းနည်း ပါးပါး ပါတာကို ခွင့် ပြုပြီး တော့ သွေးမယ်  ဆိုရင် အရင်း မက ဘဲ အကျိုးအမြတ် တောင်မှ ရရှိ နိုင်ပါတယ် ။ ကျောက်သွေး  သူ ဟာ  ဆိုးတဲ့ အပိုင်း ကို ဖယ်ရှား ချင် ဇော နဲ့  ကောင်းတဲ့  အပိုင်း ကို ပါ ဆုံးရှုံး ခဲ့ ရပါတယ် ။
             ဒုတိယ  လွှာချပ်  ကတော့  မကောင်းတဲ့  အပိုင်း တွေ ကိုထွင်းထုတ် ပြီး တန်ဘိုး နည်းတဲ့  ကျောက်ကို ပန်းပု ဆရာရဲ့  အနုပညာ လက်ရာ နဲ့ တန်ဘိုး တက် စေခဲ့တာပါ။
              ပြုပြင် မဲ့ ကျောက် ကို ကောင်း တဲ့ အပိုင်း ကော ဆိုးတဲ့ အပိုင်း ကော ကောင်းစွာ  သိမြင် ပြီး ဘယ်လို ပြုပြင် ရင် တန်ဘိုး ပိုရှိ မယ် လို့  ဆုံးဖြတ် နိုင်တဲ့ ကျောက် သွေး သမား ပညာရှင် ရဲ့  ဥာဏ် ပညာ က တန်ဘိုး ပိုရှိ နေတာကို တွေ့ ရပါတယ် ။
             ဒီလိုဆိုရင် ကျောက်သွေးသမား ရဲ့  အကြောင်းအကျိုး အကောင်းအဆိုး ကို ကောင်းစွာ ဝေဖန် ပိုင်းခြားနိုင် သောဥာဏ် ကို ပညာ လို့ ခေါ်ဆို ရတော့  မှာပေါ့ ။

              တန်ဘိုးမဲ့  သောရွှံစေး ကို အိုးထိန်းသည် ၏ ပညာဖြင့်  အသုံးဝင် သော အိုး ခွက် ပန်းကန် များ ဖန်တီး နိုင် သကဲ့သို့
အမှိုက် ကဲ့သို့ လေလွင့် နေသော မိမိ၏ စိတ် ကိုလည်း အသိ သတိ ဟူသော ဥာဏ် ပညာဖြင့် ဆုံးမ ပဲ့ပြင်ပြီး သန့်ရှင်း စင်ကြယ် စေရာ၏ ။

သီဟ

ဇွန် 21, 2011 at 12:00pm

No comments:

Post a Comment